တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော Novel Coronavirus ရောဂါပိုးသည် လူမှတစ်ဆင့် လူသို့ကူးစက်ပြီး ရောဂါကူးစက်နှုန်း မြင့်တက်လာ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အစည်းအဝေးပြုလုပ်

Description

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသော 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးသည် လူမှတစ်ဆင့်လူသို့ ကူးစက်ပြီး ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မြင့်တက်လာ၍ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ ၂၂ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ဆွေးနွေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် ၂၀၀၅ နှင့်အညီ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ခဲ့ပြီး ၎င်းအစည်းအဝေးတွင် ယခု ရောဂါဖြစ်ပွားမှု ဖြစ်စဉ်အား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) ကြေညာရန် သင့်မသင့်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဇန်နဝါရီ ၂၁ ရက်ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၀ ရက်အထိ တရုတ်နိုင်ငံတွင် 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာ ၂၇၈ ဦးရှိကြောင်း သိရပြီး Hubei Provience တွင် ၂၅၈ ဦး၊ Guangdong Province တွင် ၁၄ ဦး၊ Beijing Municipa Lity တွင်ငါးဦး၊ Shanghai Municipa တွင် တစ်ဦးတို့ဖြစ်ကြောင်းနှင့် ဓာတ်ခွဲအတည်ပြုရောဂါပိုး တွေ့ရှိရသူများအနက် ၅၁ ဦးမှာ ရောဂါပြင်းထန်လျက်ရှိပြီး ၁၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။ 

 လက်ရှိ တရုတ်နိုင်ငံပြင်ပတွင် ဇန်နဝါရီ ၂၂ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိရမှုအဖြစ် ထိုင်းနိုင်ငံတွင် နှစ်ဦး၊ ဂျပန်နိုင်ငံတွင် တစ်ဦး၊ တောင်ကိုရီးယားနိုင်ငံတွင် တစ်ဦးနှင့် အမေရိကန်ပြည်ထောင်စုတွင် တစ်ဦးတို့ရှိကြောင်းနှင့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဇန်နဝါရီ ၂၂ ရက်အထိ ဓာတ်ခွဲအတည်ပြုသေဆုံးလူနာ ခြောက်ဦးရှိပြီး သေဆုံးသူများမှာ အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ရရှိသည့် အချက်အလက်အရ သိရသည်။ 

 “ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့  2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကို ဓာတ်ခွဲစစ်ဆေးမှုအရ MERS (မားစ်)နဲ့ SARS (ဆားစ်) ရောဂါတို့ကို ဖြစ်ပွားစေခဲ့တဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ မျိုးနွယ်အုပ်စုတူသော ရောဂါပိုးအမျိုးအစား ဖြစ်တာကိုတွေ့ရှိတယ်လို့ သိရပါတယ်။  လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေက လူကတစ်ဆင့်လူကို ကူးစက်နိုင်ခြင်းရှိမရှိနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Human to Human transmission လို့ ပဏာမထုတ်ပြန်ထားပါတယ်” ဟု ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  

လက်ရှိ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဟောင်ကောင်၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ရုရှားနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း လေဆိပ်ရေဆိပ်များ၌ ဝူဟန်းမြို့မှ ပြန်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်လျက်ရှိပြီး ဝူဟန်းလေဆိပ်နှင့် တိုက်ရိုက်လေကြောင်း ပျံသန်းသည့် အီးယူနိုင်ငံများသည်လည်း လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Coronavirus သည် ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီး မျိုးစိတ်အနေဖြင့် များပြားစွာရှိကြောင်း၊ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်၍ သာမာန်အအေးမိခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားလေ့ရှိပြီး ရောဂါပြင်းထန်သော လူနာများတွင် အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ရာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ 

 ရောဂါပိုးသည် တိရစ္ဆာန်များတွင် အဓိကကူးစက်ပြန့်ပွားလေ့ရှိပြီး လူမှတစ်ဆင့်လူသို့ ကူးစက်နိုင်မှုနည်းပါးသော်လည်း အချို့ဗိုင်းရပ်စ်ပိုးများသည် လူမှတစ်ဆင့် လူသို့ ကူးစက်နိုင်ကြောင်း၊ အများအားဖြင့် ရောဂါပိုးကူးစက်ခံရသူနှင့် အနီးကပ်နေထိုင်သူများတွင် ကူးစက်နိုင်ကြောင်း (ဥပမာ- အတူနေ မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ)၊ ယခင်ကာလများ၌ လူသို့ကူးစက်ခဲ့ခြင်းမရှိသော Coronavirus အမျိုးအစားအသစ်ကို Novel Coronavirus ဟု ခေါ်ဆိုပြီး ဥပမာအားဖြင့် ဆားစ်နှင့် မားစ်တို့သည် တိရစ္ဆာန်များမှ လူများသို့ ကူးစက်ပျံ့နှံ့ခဲ့သော Novel Coronavirus ပိုးများဖြစ်ကြကာ ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြင့် လူသားမျိုးနွယ်များအပေါ် သေဆုံးမှုများ ဖြစ်ပွားစေခဲ့ကြောင်းလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

 

ဝူဟန်ဗိုင်းရပ်စ်အကြောင်းသိကောင်းစရာများ

=============================

Virus ပိုးမွှားအသစ်တစ်မျိုးကို ဒီဇင်ဘာ 2019 တရုတ်နိုင်ငံ Wuhan မြို့ မှာ တွေ့ရှိခဲ့ပါတယ်။ ဒီ Virus ပိုးမွှားကူးစက်ခံရပြီး လူတွေအသေအပျောက်များလာတာကြောင့် လူများစိုးရိမ်ပူပန်နေကြပါတယ်။

ဘယ်ကနေစဖြစ်တာလဲ?
တရုတ်နိုင်ငံ Wuhan မြို့က ရေထွက်ပစ္စည်းတွေကနေ ဒီ Virus ပိုးမွှားရတယ်လို့ ကောက်ချက်ချထားပါတယ်။
ပင်လယ်စာတွေကို တင်ပို့ခံရတဲ့ အခြားနိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံတွေမှာပါ လူပေါင်းများစွာ ကူးစက်မှုခံနေရတယ်လို့ အာဏာပိုင်များက အတည်ပြုထားပါတယ်။

ရောဂါကူးစက်ခံရသူမှတဆင့် အခြားသူကို ကူးစက်နိုင်ပါသလား?
Virus ရှိတဲ့ပင်လယ်စာကိုစားမိရင် ရောဂါကူးစက်ခံရသလို၊ ထို ရောဂါကူးစက်ခံရသူမှတဆင့် အခြားသူကိုပါ ကူးစက်ခံရနိုင်ကြောင်းတွေ့ရှိထားပါတယ်။

ကုသရန်ဆေး (သို့) ကာကွယ်ဆေး ရှိလား?
Bacteria ပိုးမွှားမဟုတ်တာကြောင့် Antibiotics ပိုးသတ်ဆေးသောက်ရင် မပျောက်နိုင်ပါ။Antiviral drugs တွေတော့ စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ်။
Virus အသစ်ဖြစ်တာကြောင့် ကာကွယ်ဆေးမရှိသေးပါဘူး။

ဒီပိုးကိုအဓိကတိုက်ထုတ်ပေးနိုင်တာကတော့ ကိုယ်ခံအား ပဲ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ကိုယ်ခံအားနည်းသူများဖြစ်ပြီး ရောဂါအခံတခုခု ဥပမာ- နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စသည့်ရောဂါအခံများရှိနေသူတွေဖြစ်ကြပါတယ်။
……………………………………………

ဝူဟန် ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ

Wuhan virus ဟာ Coronavirus family ဖြစ်ပြီး Coronavirus များဟာ ဖျားနာခြင်း၊ အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ယောင်ရောဂါ(ဆားစ်ရောဂါ) များဖြစ်စေပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။

ယခုအချိန်ဟာ တရုတ်နှစ်သစ်ကူးအချိန်ဖြစ်တာမို့ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်သူများအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေပါတယ် ။

ဝူဟန်ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ မှာ
– ကိုယ်ပူခြင်း
– ချောင်းဆိုး နှာစေးခြင်း
– ချမ်းတုန်ခြင်း
– ခေါင်းကိုက်ခြင်း
– လည်ချောင်းနာခြင်း
– အသက်ရှုခက်ခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့်မို့ ခရီးသွားသူများအနေဖြင့် နေမကောင်းဖြစ်သူများကို အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ပါ။
မိမိသည်လည်း လက်မဆေးဘဲ မိမိမျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်းမှာရှောင်ပါ။ လက်ကို ဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောပါ။

ကာကွယ်ဆေးလည်း မပေါ်ပေါက်သေးပါ။
မျက်နှာဖုံးစွပ်များသည်လည်း ရာနှုန်းပြည့်ကာကွယ်မှုမပေးနိုင်ပါ။

တရုတ်ပြည်မှ ခရီးသွားပြီး ပြန်လာသူများ အထက်ပါရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေး ဋ္ဌာနသို့ သတင်းပို့ပါ။

တရုတ်က တော့ ဝူဟန် ဗိုင်းရပ်စ်က လူလူ ချင်းကူးစက်ပါတယ်လို့ အတည်ပြုလိုက်ပါတယ်

ဖြစ်ကတည်းက အဲဒီပင်လယ်စာစျေးကို ပိတ်လိုက်ပေမဲ့ အခုဆို ကူးတာ လူ၂၀၀ကျော်သွားပြီ သေတာ ဒီနေ့အထိ ၃ယောက် ဆိုတော့ epidemiology အရ လူလူချင်းကူးတယ်လို့ပဲယူဆလိုက်ပုံရတယ်

IHR လို့ ခေါ်တဲ့ international health regulation ပရိုတိုကောလ်က အသက်ဝင်ပြီး တရုတ် ထိုင်း နဲ့ ဂျပန်က အထူးစောင့်ကြည်နေတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WPRO ဒါရိုက်တာ ဒေါက်တာ တာကဲရှီ ကပြောသွားပါတယ်

ဝူဟန်က သိုင်းသမားက ထိုင်းကိုလည်းထိုးဖောက်ဝင်ရောက်ပြီး ဂျပန်နောက်ပေါက် နဲ့ကပ်နေတဲ့ ရှန်ဟိုင်းအထိကို ရောက်နေပြီ

တရုတ်နှစ်ကူး နီးတော့ မြန်မာ့ ထိုင်း တရုတ် နယ်စပ် တွေလည်း သေချာ စောင့်ကြည့်ဖို့တော့ လိုလာပါပြီ

ကိုယ်တွေ လုပ်နိုင်တာကတော့ လက်သေချာဆေးပါ ကိုယ်ခံအားကောင်းအောင်နေပါ

မပေါ့ဆသင့်သည့် Wuhan Virus ကူးစက်ရောဂါ
++++++++++++++++

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလက စင်ကာပူနိုင်ငံ မှာ ဆားရောဂါ severe acute respiratory syndrome (SARS) ဖြစ်ပွားတော့ ကျွန်တော် စင်ကာပူမြို့ မြန်မာသံရုံးမှာ ဒုတိယအတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင် နေချိန်ဖြစ်တယ်၊ အဲဒီတုန်းက မြန်မာ သံအမတ်ကြီးက တော့ ဦးလှသန်း ဖြစ်ပါတယ် ၊

ရောဂါစဖြစ်တဲ့အချိန်ကစပြီးတော့ စင်ကာပူနိုင်ငံမှာ (SARS) နဲ့ပတ်သက်တဲ့ နေ့စဉ်ဖြစ်ပေါ်တိုးတက်မှုတွေကို ထိုစဉ်က အထက်အာဏာပိုင်တွေဖြစ်တဲ့ အတွင်းရေးမှူး (၁), ကကလှမ်း, နိုင်ငံခြားရေးဝန်ကြီးဌာနကို နေ့စဉ် ဖက်စ်နဲ့ ထိုးပေးပြီး သတင်းပို့ပေးရတယ် – သံအမတ်ကြီး နဲ့ အတူ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက် တွေ့ဆုံပြီးတော့လည်း သူတို့ ကာကွယ်မှုပြုပုံ ဆေးကုသပုံတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သွားရောက် မေးမြန်းခဲ့ ပါတယ်-

အဲဒီတုန်းက စင်ကာပူမှာ လူပေါင်း ၂၃၈ ဦးရောဂါကူးစက်ခံခဲ့ရပြီး ၃၃ ဦး သေဆုံးခဲ့တယ်၊ ဖြစ်ခါစက သတိမပြုမိကြလို့ ရောဂါကုသ ပေးတဲ့ ဆရာဝန်အချို့ ရော ၊ ဆေးရုံက သူနာပြု အချို့ ရော ကူးစက်ခံခဲ့ရပြီး တချို့ သေဆုံးခဲ့ရတယ်၊

နောက်ပိုင်းမှာ စင်ကာပူအစိုးရက ဒီရောဂါကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့တယ်၊ ရောဂါဖြစ်ပွားသူတွေကို quarantine လုပ်တယ်၊ စင်ကာပူနိုင်ငံကို ပြည်ပက ဝင်ရောက်လာသူတွေ ကို တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်၊ ကျောင်းတွေကို ပိတ်လိုက်တယ်၊ ရောဂါဖြစ်ပွားတဲ့ နေအိမ်တွေကိုပါ home quarantine လုပ်တော့မှ ပြန်လည် ထိန်းချုပ်နိုင်တဲ့ အဆင့် ရောက်ရှိခဲ့ပါတယ်၊

အဲဒီတုန်းကဆိုရင် လူတွေဟာ ဘတ်စ်ကား ၊ ရထား စီးကြတဲ့အခါ ဆေးရုံက သူနာပြု လို ဝန်ထမ်းတွေ တက်လာရင် ကားပေါ် ရထား ပေါ်က ဆင်းပြေးကြတဲ့ အထိ ဖြစ်ပျက် ခဲ့တာတွေ ရှိခဲ့တယ် ၊ စင်ကာပူ မှာ မြန်မာ သူနာပြု တွေလည်း များစွာရှိလို့ သူတို့လည်း အဲဒီတုန်းက အပယ်ခံအဖြစ်မျိုး ရောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်-

ဒါကြောင့် ခု တရုတ်နိုင်ငံမှာ ဒီလို အလားတူ ရောဂါမျိုး ဖြစ်လာတဲ့အခါ ကျွန်တော်တို့ အနေနဲ့ မပေါ့ဆ ပဲ ကြိုတင် ကာကွယ်မှုတွေ လုပ်ဖို့ အချိန်တန်ပြီ ၊ မြန်မာနိုင်ငံကို ရောက်လာမှာကတော့ သေချာ နေပါတယ်- မြန်မာနိုင်ငံ က ဝင်ပေါက်တွေက အများကြီး .. ထိန်းချုပ်ရ ခက်ပါတယ်—အားလုံးသိကြပါတယ် —

ခုဆိုရင် စင်ကာပူဝန်ကြီးချုပ်က ဒီလို ပြင်ဆင်နေပြီလို့ ပြောလိုက်ပါတယ်– Singapore better prepared to handle Wuhan virus outbreak, no need to panic: PM Lee Hsien Loong

ကျွန်တော်တို့အနေနဲ့လဲ တင်းတင်းကျပ်ကျပ် ပြင်ဆင်ဖို့ အချိန်ကျရောက်နေပါပြီ..

#crd

Related Our Business

Timber Forestry

Timber Plantnation

Money Changer (Yangon)

Trusty E-Commerce

Money Changer (Mandalay)

Trusty E-Commerce

Trusty E-Commerce – Mobile Payment System

Trusty E-Commerce

10% Cash Refund

Trusty E-Commerce

The Prince Hotel

Mandalay

Olympic Hotel Yangon

Yangon

Hotel 76

Mandalay

City Golf Resort Hotel

Yangon